Saturday, 24 March 2012

အချစ်ဆိုသောအရာ


ကျွန်တော်က ယုယခြင်းတွေနဲ့
စစ်မှန်တဲ့နှလုံးသားတစ်ခုပေးတော့
သူကပစ်ခွာပြေးလို့ အမုန်းတွေတန်ပြန်ပေးတယ်
အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့လား.....
အိမ်အပြန်လမ်းလေးတွေရယ်
သူနဲ့တွဲလျှောက်ခွင့်တွေဝေးတော့...
အထီးကျန်ဆန်မှုတွေရယ်  အိပ်ပျက်ညတွေပြန်ရတယ်
အချစ်ဆိုတာရယူခြင်းတဲ့လား.....
ကြိုးပြက်သွားတဲ့စွန်လေးလိုမျိုး
ငါဘ၀ဆောက်တည်ရာမဲ့လို့
လေလွင့်သွားသည့်တိုင်အောင်
မင်းအကြောင်းတွေ တွေးမိနေတုန်းပဲ
အချစ်ဆိုတာဘယ်လိုမျိုးပါလိမ့်.......
အချစ်ဆိုတာ....
ရယူခြင်း...... ပေးဆပ်ခြင်း...စတဲ့
ကျွန်တော်တို့မသိတဲ့ စကားလုံးများစွာနဲ့
ဖွဲ့စည်းထားတဲ့အရာ.......။

Friday, 23 March 2012

နန်းမြသဇင်ဖူး


မြိုင်ယံလယ် ပင်ရံထက်မှာလ
လှမွန်ထူ  တလူလူလွင့်ပါလို့
ဆွတ်ချင်သူ အသူသူများပေလှ
ခူးမယ့်ဟန်ပြင်.....
ကမ်းလင့်စရာ သည်လူမှာ
ရင်ခွင်အနွမ်းတွေနဲ့
နှိုင်းချင့်စရာ ပမာရယ်အလွန်ဝေးတာမို့
လှမ်းခဲ့ပါ မြက်ခြောက်ငယ်မခေါ်ရဲပါဘူး
အဝေးမျှော် ရမ်းရော်လွမ်းရတယ်
နန်းမြသဇင်ဖူး......။

Wednesday, 21 March 2012

ကျွှန်တော်နှင့်အချို့သောလူများ


ငါ့ကိုလာတက်မနင်းကြပါနဲ့ကွယ်
ငါကတောင်လေတွေတိုက်လာမှာကို
သိပ်ကြောက်တတ်တဲ့ကောင်ပေါ့
မင်းတို့ကဘယ်လိုကောင်မျိုးတွေလဲ
ရေနစ်နေသူလက်ထဲက ကောက်ရိုးမျှင်ကို
ဆွဲလုသွားတတ်တဲ့လူမျိုးတွေလား
အဲဒါဆိုရင်တော့ .....ဟိုးခပ်ဝေးဝေးမှာသွားနေ
ညနေမမှောင်ခင် မှော်ဆရာတွေ
ရွတ်ဖတ်ကြတော့မှာ
အဲဒီအခါကျမှ .....မင်းတို့ပါးစပ်တွေထဲက
ကောက်လှိုင်းစည်းတွေ  ....အထွေးလိုက်ထွက်ကျလာလိမ့်မယ်
တကယ်တော့ တစ်ထွာသာသာ 
ဟိုအဟွာလေး(၀မ်းဗိုက်)အတွက်.....အဲဒီကောင်ရိုးတမျှင်လောက်တော့
ချန်ခဲ့ဖို့ကောင်းတာ....
ဆက်လည်းမပြောချင်တော့ပါဘူးကွယ်
တကယ်ဆိုငါကလည်း.....ဆေးစက်တွေကျရာနောက်ကို
အရုပ်လိုက်ရေးနေရတဲ့.......
ဧည့်သည်တစ်ယောက်ပေါ့......။

Tuesday, 20 March 2012

ချစ်သူသို့


ချစ်သူရေ
စိတ်ချထားလိုက်ပါကွယ်
ငါက မင်းရင်ခွင်တစ်ခုသာ ငါဘ၀ရဲ့
အဆုံးသတ်ပန်းတိုင်လို့သတ်မှတ်ထားသူပေါ့
ငါက ဘယ်လိုတွန်းတိုက်မှုမျိုးနဲ့မှ
ယိုင်နဲ့မသွားတဲ့ကျောက်ရုပ်တစ်ရုပ်ပါ
ဒါပေမယ့်
မင်းတော့ အသက်ပြင်းပြင်းလေးတောင်မရှူလိုက်ပါနဲ့ကွယ်
ငါ အစိတ်စိတ်အမွှာမွှာကြေမွသွားလိမ့်မယ်
ချစ်သူရေ
စိတ်ချထားလိုက်ပါကွယ်
မင်းလက်ဖ၀ါးလေးတစ်ခုသာ ငါမြဲမြံစွာတွဲဖို့စိတ်ကူးထားသူပါ
ဘယ်လိုအချိန်အခါမျိုးမှာပဲဖြစ်ဖြစ်
ဘာကိုမှ တွဲသွာဖို့ မဖြစ်နိုင်ပါဘူးကွာ
မင်းလက်ဖ၀ါးလေးတစ်ခုကသာငါ့ကို
အားအင်တွေးပေးစွမ်းနိုင်မှာ.......။

တသက်စာ ဝေးကွာခြင်း


မနက်ဖြန်ဆိုရင်ပဲသူက
ဘ၀အသစ်တစ်ခုမှာ နှလုံးသားအသစ်တစ်ခုနဲ့
ပျော်နေတော့မှာ.........
အလွမ်းတွေငွေ့ရည်ဖွဲ့နေတဲ့ကောင်းကင်ကို
ငါက ဘယ်လိုရင်ဘတ်မျိုးနဲ့ရွာချပေးရမလဲ
ငါမရှိသင့်တော့တဲ့ အချိန်မှာ
လှည့်ထွက်ခဲ့ခြင်းဟာ အကောင်းဆုံးဖြစ်မှာပါ.......
ငါ့ဘ၀က 
မင်းလိုချင်တဲ့ဒင်္ဂါးပြားတွေမသီးဘူး....ချစ်သူရေ
မင်းထားသွားတော့မယ့်သူ   ဖြေသာအောင်
ခဏလောက်ဖြစ်ဖြစ် ဟန်ဆောင်ပြီးငိုပြခဲ့ပါလား.....
အခုတော့.....
သုညတွေသီးတဲ့ ဗလာလူရဲ့ရင်ထဲမှာ 
မိုးတွေ ခပ်ဖွဲဖွဲ ကျလို့ပေါ့.........

Monday, 5 March 2012

ရွှေရောင်အလင်း



ငါတို့ရဲ့ရွှေရောင်တဖျတ်ဖျတ် တောက်ပတော့မယ့်
ကောင်းကင်သစ်ကို
ဘယ်သူကတားလို့ရနိုင်ပါဦးမလဲ
သင်္ဃန်းတွေ သွေးစွန်းပြီးချိန်မှအစပြုလို့
ငါတို့ကောင်းကင်မှာအလင်းတစ
ထွန်းလင်းခဲ့ပြီ....။
ကဲ..
အမြင့်ပျံငှက်အပေါင်းတို့ရေ
ငါတို့တွေပျံရင်းနဲ့သေ
သေနေရင်းနဲ့ပဲ ရှေ့ဆက်ပျံကြမယ်........
အရုဏ်တက်တော့မယ့်မနက်မှာ
ယာခင်းတွေ
 ပြန်လည်းစိမ်းလန်းတော့မယ်
လှုပ်နှိုးလို့မရတဲ့ မြေစိုင်မြေခဲတချို့ကိုထားခဲ့
ပင်လယ်ကို ငန်တယ်ဆိုယုံလေးစိုက်ပျိုးလို့
ငါတို့တွေပန်းတိုင်ရောက်အောင်ပျံကြမယ်
မလိုက်ရဲရင်တော့ ချန်နေရစ်ပေါ့.....။

Thursday, 1 March 2012

အလိုက်တသိ

ကောင်မလေးရေ
မင်းဘ၀လေးကိုပိုမိုတောက်ပလာစေဖို့အတွက်
မင်းလေးကို sign out လုပ်ခဲ့ပြီ
စိမ်းတစ်ခါ နီတလှည့်နဲ့
ငါလိုကောင်က မင်း account ထဲကလူတွေလောက်
connection မကောင်းခဲ့ပါဘူး
ငါကမင်းဘ၀အတွက် offline ဖြစ်နေတဲ့
ခပ်ညံ့ညံ့ account တစ်ခုပါ..
အဲဒီတော့ block လုပ်မခံရခင်
ငါကိုယ်တိုင်ပဲအလိုက်တသိနဲ့
sign out လုပ်ခဲ့ပြီ...
မင်းဘ၀လေး အမြဲတမ်း  available ဖြစ်ပါစေ....။