Friday 30 March 2012

အကြောင်းပြချက်မရှိ



ဘာအကြောင်းပြချက်မှမရှိပါပဲ
ရပ်ကွက်လူကြီးက စွတ်ကြယ်အပြဲတထည်ကို
နေ့တိုင်းဝတ်တယ်....

ဘာအကြောင်းပြချက်မှမရှိပါပဲ
ဆိုင်ရှေ့ကဖြတ်သွားတဲ့....မမ မှာ
body မိုက်မိုက်လေးရှိတယ်....

ဘာအကြောင်းပြချက်မှမရှိပါပဲ
တွန်းလှည်းနဲ့ရောင်းတဲ့ရှောက်သီးသုပ်က
နည်းနည်းငန်တယ်....

ဘာအကြောင်းပြချက်မှမရှိပါပဲ
ဟီလာရီကလင်တန်နဲ့ ကန်ပေါင်ပေါ်မှာ
ဘူးသီးကြော် အတူတူစားချင်တယ်....

ဘာအကြောင်းပြချက်မှမရှိပါပဲ
ဟိုဘက်တိုက်ကခိုကလေးတွေ
ထထပျံတယ်....

ဘာအကြောင်းပြချက်မှမရှိပါပဲ
နေ့တနေ့ကုန်ဆုံးသွားပြန်တယ်...

ဘာအကြောင်းပြချက်မှမရှိပါပဲ
ကျွန်တော်ဒီကဗျာလေးကိုရေးဖြစ်ခဲ့ပါတယ်.....


Thursday 29 March 2012

ပန်းပုထုခြင်း

ဆေးဆိုးပန်းရိုက်တွေများလာသော
ရေစီးချောင်းထဲမှာ
ဖြူစင်ခြင်း ၀ိဥာဉ်တွေ
တဖြည်းဖြည်းရှားလာခဲ့ပြီ်
တကယ်တော့လောကကြီးက
ငါးမျှားချိတ်တွေသက်သက်သာ
ချကျွေးနေခဲ့တာပါ....
အမှန်တရားကိုထွန်ယက်ရင်းနဲ့ပဲ
အမှန်တရားကိုမြေကြီးထဲမှာမြှုပ်
ဟိုးအဝေးသဲ့သဲ့ဆီက အိမ်အပြန်မိုးချုပ်သူကလေးရဲ့
ငိုသံသဲ့သဲ့ကြားတယ်.......
တကယ်တော့သူလည်းပန်းတပွင့်ပါပဲ
အသက်ရှူပုံလေးပဲ ကွဲတာပါ
နှလုံးသားကိုပုံပြင်တပုဒ်နဲ့ချော့သိပ်မယ်
အတိတ်ကို လက်ချိုးရေလို့ရရင်
တိမ်တွေရီးလေးခိုပြီးလိုက်သွားချင်သေးရဲ့
အနားသတ်မျဉ်းတွေ ...မလှတဲ့ဘ၀ကို
ချိန်ခွင်မှာ ချိန်ကြည့်တဲ့အခါ
တခါတခါ ...နည်းနည်းခါးတယ်
အရိုးများရင် ဈေးကြီးတယ်တဲ့
သူငယ်ချင်းရေ.......
ဈေးခြင်းကြီးဆွဲလာပြီးမှတော့.....တစ်ခုခုတော့ဝယ်လိုက်ဦးပေါ့......။

ရလာဒ်

ကျောင်းနေစဉ်
ငယ်ငယ်က... စာမျက်နှာတွေထက်မှာ
ဝလုံးလေးတွေ 
ဝိုင်းအောင်မရေးနိုင်ခဲ့တော့
ဖျက်ရတွေ ဗရပွနဲ့ကျွန်တော့ကို
ဆရာမကဒဏ်ခတ်တယ်...
၁၀ မျက်နှာထပ်ရေးတဲ့.......။

ဒီလိုနဲ့...အရွယ်ရောက်လာတော့
ဘ၀ရဲ့...စာမျက်နှာထက်မှာ
အချစ်ဆိုတဲ့...စာလုံးပေါင်းလေးကို
ဝိုင်းအောင်မရေးနိုင်ခဲ့တော့
ဖျက်ရာတွေ ဗရပွနဲ့ကျွန်တော့ကို
ချစ်သူက ဒဏ်ခတ်တယ်
ဘ၀တစ်သက်စာဝေးတဲ့......။

Tuesday 27 March 2012

လာခြင်းကောင်းသော်လည်း .....ပြန်ချိန်စောခဲ့သည်




တိမ်တွေရွေ့နေတာရပ်သွားရင်
အဲဒီလမ်းလေးမှာ သစ်ရွက်တွေကြွေနေတာရပ်သွားမလားမသိ
နွေရေအိုင်တွေ နဂါးငွေ့တန်းတွေအောက်မှာ
အခါခါခန်းခဲ့ရ
အိပ်မက်သေတွေထမ်းပိုးလာရတာ
မောရင်အဲဒီမှာခဏနားပါဦး.....
ဆောင်းကြိုးပြက်ရွာမွန်းမတည့်မီ ၂၄ နာရီ
အလို........
ဆိုင်းမဆင့် ဗုံမဆင့်
သူကထွက်ခွာသွားနှင့်ပြီ.....
အလင်းတွေလက်ဖြာလွန်းရင်
ကြွေချိန်စောလေသလားမသိ
အခုတော့...
မိုးခေါင်လို့တီးတဲ့ဗုံသံတွေ
ဘယ်ကဆက်ကြားရမည်မှန်းမသိ
မသိခြင်းများစွာက....ငါတို့စိတ်တွေထဲမှာလဲလျောင်း
ရင်ဘတ်တစ်ခုလုံးကိုဖြန့်ခင်း
စာပေယဉ်ကျေးမှု အသစ်ကိုထွန်းကားစေသူ
နှင်းလမ်းတွေ အတက်အဆင်းမှားခြင်းမှ
ဘ၀တိုင်းမှာဝေးပါစေ.....။

(ကျွန်တော်ဒီကဗျာလေးကိုရေးထားခဲ့တာကြာပါပြီ။ အခုမှ တင်ဖြစ်သွားတာပါ။ ဒီကဗျာလေးကိုမတင်ခင်စဉ်းစားပါသေးတယ်။ ကျွန်တော့မတက်တခေါက်ကဗျာလေးက(ဆရာ) တာရာမင်းဝေကိုစော်ကားသလိုများဖြစ်နေမလား ဆိုပြီးတော့ဒါပေမယ့် တင်ချင်တဲ့ စိတ်ကပိုများနေတာကြောင့် မျက်စိစုံ မှိတ်ပြီး တင်လိုက်မိပါတယ်။ အမှားအယွင်းတွေရှိခဲ့ရင်ဝေဖန်ပေးကြပါဦးလို့.. ဓါတ်ပုံလေးတွေ ကတော့တခြားဆိုဒ်များမှကူးယူဖော်ပြပါတယ်ခင်ဗျာ...(ဆရာ)တာရာမင်းဝေရဲ့နောက်ဆုံးရေးသွားတဲ့ ကဗျာလေးပါတင်ပေးလိုက် ပါတယ်....)
(ကဗျာလေးတွေလာရောက်ခံစားပေးတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးကို မင်းမုန်းတဲ့သူ မှအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ)

Sunday 25 March 2012

ဆုတောင်း


မနှင်းဖြူ
ဆောင်းခေါင်ခဲ့တာတွေအေးချမ်းဖို့
အလင်းတောင်ပံတွေနဲ့ ငါတို့ဘ၀လေးထဲကို
ငါပျံလာခဲ့ပြီ....

မင်းလက်ခုပ်ထဲကရေ
ကြယ်တွေဖြစ်စေသား.......

ငါ့ရဲ့ရင်ကွဲကဗျာတွေ  သူ့ရဲ့
ပန်းဖျော့ဖျော့နှလုံးသားကိုအုပ်မိုး
အလွမ်းချိုတေးသီချင်းတွေအဖြစ်
ကမ္ဘာမြေမှာထင်ကျန်ရစ်စေသား........

အရိပ်တွေချိုနေမယ့်
 တောအုပ်လေးထဲမှာ
ငါ့ကိုကြိုနေမယ့်လက်တစုံဟာ
အရင်လို နွေးထွေးပါစေသား.......

Saturday 24 March 2012

အချစ်ဆိုသောအရာ


ကျွန်တော်က ယုယခြင်းတွေနဲ့
စစ်မှန်တဲ့နှလုံးသားတစ်ခုပေးတော့
သူကပစ်ခွာပြေးလို့ အမုန်းတွေတန်ပြန်ပေးတယ်
အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့လား.....
အိမ်အပြန်လမ်းလေးတွေရယ်
သူနဲ့တွဲလျှောက်ခွင့်တွေဝေးတော့...
အထီးကျန်ဆန်မှုတွေရယ်  အိပ်ပျက်ညတွေပြန်ရတယ်
အချစ်ဆိုတာရယူခြင်းတဲ့လား.....
ကြိုးပြက်သွားတဲ့စွန်လေးလိုမျိုး
ငါဘ၀ဆောက်တည်ရာမဲ့လို့
လေလွင့်သွားသည့်တိုင်အောင်
မင်းအကြောင်းတွေ တွေးမိနေတုန်းပဲ
အချစ်ဆိုတာဘယ်လိုမျိုးပါလိမ့်.......
အချစ်ဆိုတာ....
ရယူခြင်း...... ပေးဆပ်ခြင်း...စတဲ့
ကျွန်တော်တို့မသိတဲ့ စကားလုံးများစွာနဲ့
ဖွဲ့စည်းထားတဲ့အရာ.......။

Friday 23 March 2012

နန်းမြသဇင်ဖူး


မြိုင်ယံလယ် ပင်ရံထက်မှာလ
လှမွန်ထူ  တလူလူလွင့်ပါလို့
ဆွတ်ချင်သူ အသူသူများပေလှ
ခူးမယ့်ဟန်ပြင်.....
ကမ်းလင့်စရာ သည်လူမှာ
ရင်ခွင်အနွမ်းတွေနဲ့
နှိုင်းချင့်စရာ ပမာရယ်အလွန်ဝေးတာမို့
လှမ်းခဲ့ပါ မြက်ခြောက်ငယ်မခေါ်ရဲပါဘူး
အဝေးမျှော် ရမ်းရော်လွမ်းရတယ်
နန်းမြသဇင်ဖူး......။

Wednesday 21 March 2012

ကျွှန်တော်နှင့်အချို့သောလူများ


ငါ့ကိုလာတက်မနင်းကြပါနဲ့ကွယ်
ငါကတောင်လေတွေတိုက်လာမှာကို
သိပ်ကြောက်တတ်တဲ့ကောင်ပေါ့
မင်းတို့ကဘယ်လိုကောင်မျိုးတွေလဲ
ရေနစ်နေသူလက်ထဲက ကောက်ရိုးမျှင်ကို
ဆွဲလုသွားတတ်တဲ့လူမျိုးတွေလား
အဲဒါဆိုရင်တော့ .....ဟိုးခပ်ဝေးဝေးမှာသွားနေ
ညနေမမှောင်ခင် မှော်ဆရာတွေ
ရွတ်ဖတ်ကြတော့မှာ
အဲဒီအခါကျမှ .....မင်းတို့ပါးစပ်တွေထဲက
ကောက်လှိုင်းစည်းတွေ  ....အထွေးလိုက်ထွက်ကျလာလိမ့်မယ်
တကယ်တော့ တစ်ထွာသာသာ 
ဟိုအဟွာလေး(၀မ်းဗိုက်)အတွက်.....အဲဒီကောင်ရိုးတမျှင်လောက်တော့
ချန်ခဲ့ဖို့ကောင်းတာ....
ဆက်လည်းမပြောချင်တော့ပါဘူးကွယ်
တကယ်ဆိုငါကလည်း.....ဆေးစက်တွေကျရာနောက်ကို
အရုပ်လိုက်ရေးနေရတဲ့.......
ဧည့်သည်တစ်ယောက်ပေါ့......။

Tuesday 20 March 2012

ချစ်သူသို့


ချစ်သူရေ
စိတ်ချထားလိုက်ပါကွယ်
ငါက မင်းရင်ခွင်တစ်ခုသာ ငါဘ၀ရဲ့
အဆုံးသတ်ပန်းတိုင်လို့သတ်မှတ်ထားသူပေါ့
ငါက ဘယ်လိုတွန်းတိုက်မှုမျိုးနဲ့မှ
ယိုင်နဲ့မသွားတဲ့ကျောက်ရုပ်တစ်ရုပ်ပါ
ဒါပေမယ့်
မင်းတော့ အသက်ပြင်းပြင်းလေးတောင်မရှူလိုက်ပါနဲ့ကွယ်
ငါ အစိတ်စိတ်အမွှာမွှာကြေမွသွားလိမ့်မယ်
ချစ်သူရေ
စိတ်ချထားလိုက်ပါကွယ်
မင်းလက်ဖ၀ါးလေးတစ်ခုသာ ငါမြဲမြံစွာတွဲဖို့စိတ်ကူးထားသူပါ
ဘယ်လိုအချိန်အခါမျိုးမှာပဲဖြစ်ဖြစ်
ဘာကိုမှ တွဲသွာဖို့ မဖြစ်နိုင်ပါဘူးကွာ
မင်းလက်ဖ၀ါးလေးတစ်ခုကသာငါ့ကို
အားအင်တွေးပေးစွမ်းနိုင်မှာ.......။

တသက်စာ ဝေးကွာခြင်း


မနက်ဖြန်ဆိုရင်ပဲသူက
ဘ၀အသစ်တစ်ခုမှာ နှလုံးသားအသစ်တစ်ခုနဲ့
ပျော်နေတော့မှာ.........
အလွမ်းတွေငွေ့ရည်ဖွဲ့နေတဲ့ကောင်းကင်ကို
ငါက ဘယ်လိုရင်ဘတ်မျိုးနဲ့ရွာချပေးရမလဲ
ငါမရှိသင့်တော့တဲ့ အချိန်မှာ
လှည့်ထွက်ခဲ့ခြင်းဟာ အကောင်းဆုံးဖြစ်မှာပါ.......
ငါ့ဘ၀က 
မင်းလိုချင်တဲ့ဒင်္ဂါးပြားတွေမသီးဘူး....ချစ်သူရေ
မင်းထားသွားတော့မယ့်သူ   ဖြေသာအောင်
ခဏလောက်ဖြစ်ဖြစ် ဟန်ဆောင်ပြီးငိုပြခဲ့ပါလား.....
အခုတော့.....
သုညတွေသီးတဲ့ ဗလာလူရဲ့ရင်ထဲမှာ 
မိုးတွေ ခပ်ဖွဲဖွဲ ကျလို့ပေါ့.........

Monday 5 March 2012

ရွှေရောင်အလင်း



ငါတို့ရဲ့ရွှေရောင်တဖျတ်ဖျတ် တောက်ပတော့မယ့်
ကောင်းကင်သစ်ကို
ဘယ်သူကတားလို့ရနိုင်ပါဦးမလဲ
သင်္ဃန်းတွေ သွေးစွန်းပြီးချိန်မှအစပြုလို့
ငါတို့ကောင်းကင်မှာအလင်းတစ
ထွန်းလင်းခဲ့ပြီ....။
ကဲ..
အမြင့်ပျံငှက်အပေါင်းတို့ရေ
ငါတို့တွေပျံရင်းနဲ့သေ
သေနေရင်းနဲ့ပဲ ရှေ့ဆက်ပျံကြမယ်........
အရုဏ်တက်တော့မယ့်မနက်မှာ
ယာခင်းတွေ
 ပြန်လည်းစိမ်းလန်းတော့မယ်
လှုပ်နှိုးလို့မရတဲ့ မြေစိုင်မြေခဲတချို့ကိုထားခဲ့
ပင်လယ်ကို ငန်တယ်ဆိုယုံလေးစိုက်ပျိုးလို့
ငါတို့တွေပန်းတိုင်ရောက်အောင်ပျံကြမယ်
မလိုက်ရဲရင်တော့ ချန်နေရစ်ပေါ့.....။

Thursday 1 March 2012

အလိုက်တသိ

ကောင်မလေးရေ
မင်းဘ၀လေးကိုပိုမိုတောက်ပလာစေဖို့အတွက်
မင်းလေးကို sign out လုပ်ခဲ့ပြီ
စိမ်းတစ်ခါ နီတလှည့်နဲ့
ငါလိုကောင်က မင်း account ထဲကလူတွေလောက်
connection မကောင်းခဲ့ပါဘူး
ငါကမင်းဘ၀အတွက် offline ဖြစ်နေတဲ့
ခပ်ညံ့ညံ့ account တစ်ခုပါ..
အဲဒီတော့ block လုပ်မခံရခင်
ငါကိုယ်တိုင်ပဲအလိုက်တသိနဲ့
sign out လုပ်ခဲ့ပြီ...
မင်းဘ၀လေး အမြဲတမ်း  available ဖြစ်ပါစေ....။