Tuesday 28 August 2012

မင်းအနားလေးမှာပဲ


အရင်လိုသတိရတိုင်း
ရင်ဘတ်ထဲပြန်ဝင်ခွေနေလို့မှမဖြစ်တော့တာ
တချက်လွမ်းတိုင်းနင့်နာမည်ကို
တခါအော်ခေါ်နေမိတာ
တံတွေးတွေတောင်ခြစ်ခြစ်တောက်ပူနေပြီ

နင့်အတွက်ပန်းမိုးတွေရွာချပေးချင်လို့
အလိုမတူပေမယ့်..
ကန်တော်ကြီးကို သာဓုကန်ဘုရားကို
ဒဂုံ (၁) ကျောင်းကို  ယောက်လမ်းကို
စိန်ရောင်ခြည်ဘုရားကို ဘုရားလမ်းဘူတာလေးကို
တောင်မြောက်လမ်းဆုံကဘုရားကို ucsy ကို
ငါခဏမေ့လိုက်တယ်.....

တဘ၀လုံးစာအတွက် တခဏလောက်ဆွံ့အချင်ယောင်ဆောင်နေတာတောင်မှ
နင်နဲ့စကားပြောဖြစ်တဲ့ညတွေဆို
ငါ့ဖုန်းထဲကနင့်ဓါတ်ပုံလေးတွေဆီ လွှားခနဲ လွှားခနဲ
ပြေးပြေးသွားမိတုန်း...

အချစ်တွေရေညှိတက်သွားပြီဆိုပြီး
ဟန်ဆောင်စိတ်မကောက်ပါနဲ့
အတိတ်နေ့တွေကို နာကျင်ဆွံ့ပျံ့ရလွန်းလို့
သုညလိုလို စက်ဝိုင်းလိုလိုနဲ့
ငါ့ကိုငါတောင် ဘာကောင်မှန်းမသိတော့ဘူး...

မခင်ချင်ယောင်ဆောင်တတ်တဲ့ ကြယ်မလေးကိုမှ
ငါကကောင်းကင်ဖြစ်ဖြစ်ပြချင်မိတာကို
ရင်ခုန်သံတွေ ဈေးကြီးလည်းကြီးပေါ့..
ချည်နှောင်မျက်ဝန်းလေးရှေ့မှာပဲ
ရာဇ၀င်အထပ်ထပ်ထိ ကျောက်ချရပ်တန့်ချင်မိပါတယ်...။







7 comments:

  1. အူအသဲကလီစာ29 August 2012 at 00:30

    သုညလိုလို စက်ဝိုင်းလိုလိုနဲ့
    ငါ့ကိုငါတောင် ဘာကောင်မှန်းမသိတော့ဘူး..

    ~ဘာကောင်လဲသိချင်ရင် မှန်ထဲကြည့်လိုက်ပါ
    တွေ့ပါမယ် စိန်မျောက်မျောက်~ :P

    ReplyDelete
  2. စကားလုံးတွေ ဖွဲ့ထားတာ ပြောင်မြောက်တယ်. ကြိုက်လို့ ၂ ခါတောင် ပြန်ဖတ်မိတယ်

    ReplyDelete
  3. ဒဂုံ ၁ ကျောင်းထွက်လား။ ဘာလို့ ခဏမေ့လိုက်တာလဲ။ မမေ့သင့်ပါဘူး။းP
    သူငယ်ချင်း နောက်တာနော်။ စိတ်မဆိုးနဲ့။

    ReplyDelete
  4. စာသားလေးတွေသုံးထားတာကြိုက်လို့ ခဏခဏပြန်ဖတ်ကြည့်မိတယ်..ကဗျာရဲ့ဆိုလိုရင်းကိုလဲ နားလည်အောင်လို့လေ...အစီအစဉ်မကျဖြစ်နေတာလေးကိုက ဖတ်လို့ကောင်းနေသလိုလို...အဲဒိအရေးအဖွဲ့မျိုးလေးတွေ နှစ်သက်မိတယ်...အားပေးနေတယ်နော်...
    ခင်တဲ့ ..မိုးနတ်...

    ReplyDelete
  5. တချက်လွမ်းတိုင်း နင့်နာမည်ကို
    တခါအော်ခေါ်နေမိတာ
    တံတွေးတွေတောင် ခြစ်ခြစ်တောက်ပူနေပြီ

    ရေဆာတယ်
    နည်းနည်းလောက် တိုက်နိုင်မလား ... အဟဲ

    ReplyDelete
  6. အစ်ကိုရေ... ucsy ကိုတော့မမေ့ပါနဲ့နော်...
    သာဓုကန်ကိုတော့ စိတ်နာတယ်....

    ReplyDelete
  7.့ မြတ်နိုးသူ(MUFL)6 September 2012 at 02:23

    အချစ်တွေရေညှိတက်သွားပြီဆိုပြီး
    ဟန်ဆောင်စိတ်မကောက်ပါနဲ့
    အတိတ်နေ့တွေကို နာကျင်ဆွံ့ပျံ့ရလွန်းလို့
    သုညလိုလို စက်ဝိုင်းလိုလိုနဲ့
    ငါ့ကိုငါတောင် ဘာကောင်မှန်းမသိတော့ဘူး...
    အားပေးသွားပါတယ်သူငယ်ချင်း

    ReplyDelete