Thursday 26 April 2012

နှင်းပုံပြင်



တချိန်ကနှင်းပုံပြင်လေးမှာ
ငါက တိမ်လေးလက်တဆုပ်စာနဲ့
ရွာချချင်ခဲ့တဲ့ တေလေ

ညီမလေးရေ
နင့်ရင်ထဲမှာ အရင်လို
လှိုင်းခတ်သံတွေ
ဆူဝေနေတုန်းလား

ငါတို့ရဲ့အိပ်မက်လယ်ကွင်းလေးမှာ
အချစ်ကမျိုးစေ့မှန်ခဲ့ပေမယ့်
အပင်မသန်ခဲ့ဘူး

မြေသြဇာတွေခြောက်ခန်း
ရေငွေ့တချို့တလေတောင်မရှိတဲ့မြေပြင်
ပတ်ကြားတွေအပ်လို့ 
ခြောက်ခန်းပျောက်ကွယ်

နှလုံးသားအိပ်မက်ရှည်ဇာတ်လမ်းအစဟာ
သူရဲ့တီတီတာတာစကားလေးတွေလား
ဒါမှမဟုတ်...
သူရဲ့နင့်ကိုခင်ပါတယ်ဆိုတဲ့စကားလေးတွေလား
ဘာပဲဖြစ်ဖြစ်...ငါကတော့
သဲခိုက်လှိုက်ကြွေ.....မြူတွေတခမ်းတနားဝေတယ်

        ( ၂ )

ရွက်ဝါတွေတဖွဲဖွဲကြွေတဲ့
ညနေခင်းအဟောင်းလေးမှာ
အင့်ခနဲရှိုက်သံတချက်
ဘယ်နတ်ဆိုးကများဝှက်ပြီးသယ်လာခဲ့သလဲ...

မပြောတော့ပါဘူး
ညီမလေးရေ...
နင်ကငါ့ရဲ့
ဘယ်ဘက်အခြမ်းလေးဖြစ်တယ်ဆိုတာတွေလည်း
မပြောတော့ပါဘူးလေ...

လေပြင်းတွေတိုက်တဲ့အခါ
နင်ပျော်ပါစေ....ဆုတောင်းမယ်

မိုးတွေသည်းတဲ့အခါလည်း
နင်ပျော်ပါစေ...ဆုတောင်းနေပါ့မယ်

ညီမလေးရေ
ငါတို့အတွက်ကံတရားဆိုတာ
မျှော်လင့်ချက်တွေတသီတတန်းပေးပြီးမှ
ဝေးကွာခြင်းတွေသွန်သွန်ချတတ်တဲ့
အနက်ရောင်ခေါင်းတလားတလုံးကွဲ့

အိမ်အပြန်ဖမ်းဆုပ်စရာ
သူလက်နွေးနွေးလေးတွေ
အခုတော့.........ဝေး

        ( ၃ )


မြေပြင်ကနေကောင်းကင်ကို
လှမ်းကြည့်နေရသလိုမျိုး
ကောင်းကင်ကနေမြေပြင်ကို
ငုံ့ကိုင်းကြည့်နေရသလိုမျိုး
ဝေးလွန်းတယ်......

ကမ်းဖြစ်မှတော့ လှိုင်းရိုက်တဲ့ဒဏ်ကို
မကြောက်ပါဘူး...
ဒါပေမယ့် ...... ပန်းပွင့်လေးတော့
သွေးခြေဥမှာဆိုးတယ်

ဧပြီလ၏..ဥသြတွန်သံလေးလို
သူ့ဘ၀ကံတေးတွေ.....နားဝင်ချိုစေသား

နယုန်လ၏ ..မိုးစက်အေးအေးများကဲ့သို့
သူ့ဘ၀လေး...အေးမြစင်ကြယ်စေသား

ဒီဇင်ဘာ၏...ဆောင်းနှင်းများကဲ့သို့
သူဘ၀လေး....ဆွတ်ဆွတ်ဖြူစေသား

ချစ်နေရက်သားနဲ့
ချစ်ခွင့်မရဲခဲ့တဲ့သူ
ကျောင်းတခါးဝက  ဂိတ်စောင့်တဲလေးလို
မှိုင်းဝေငေးမျှော်.......

            ( ၄ )

အလင်းတို့ရုံးစုရာ
သူမျက်လုံးကြယ်ပျောက်လေးတွေက
ကဗျာတွေလျှောဆင်းလာခဲ့ခြင်းရဲ့အဓိကတရားခံ

စိတ်ကူးထဲကရှိုက်ရှိုက်နမ်းခဲ့ဘူးတဲ့
သူ့ရဲ့ဆံစလေးတွေကတော့
တရားခံဖြစ်စေတဲ့အကြောင်းအရင်းပေါ့

ညတွေတရေးနိုးလာတိုင်း
ညီမလေးကိုချစ်တဲ့အချစ်တွေက
ရေငတ်သလိုငတ်တယ်ညီမလေးရေ...

အမှတ်တရတွေသိမ်းပါများတော့
အသက်ရှူလိုက်တိုင်း
သူနာမည်လေးက
နှာဖျားမှာ ခပ်ပါးပါးကပ်ပါလာတယ်

ဘယ်ကိုအပြစ်တင်ရမလဲ
သူ့အနားရောက်သွားတဲ့အခါ
ပြောစရာစကားတွေ သွေ့ခြောက်လို့
ဘာမှမရေးရသေးတဲ့စာအုပ်တအုပ်လို
စာမျက်နှာအလွတ်တွေချည်းဖြစ်ကုန်တယ်

        ( ၅ )

ချစ်ခွင့်ရခဲ့ရုံနဲ့
မုန်းတိုင်းတွေထဲလည်း...နေပျော်ပြီ

ကောင်းကင်မှာ
တဖတ်သတ်လမင်းလေးက
လင်းနေအောင်ကိုသာခဲ့တဲ့အကြောင်း
ငါ့ကိုငါပြန်ပြောပြမယ်...

တဖက်ထဲတီးခဲ့တဲ့လက်ခုတ်သံတွေ
စီစီညံခဲ့တဲ့အကြောင်းကိုတော့
ပန်းပွင့်လေးကြားပါစေ......

အခုတော့
အဆင့်အတန်းတွေစေးထန်းလွန်းတဲ့
မှော်ဝင်နေ့ရက်တွေနဲ့ ကမ္ဘာအပျက်မှာ
ငါ့ရင်ထဲက ... ဗျက်ဆောင်းတလက်
လက်ခတ်သံတွေသက်သက်ဖြူစင်ပြလိုက်တယ်....

3 comments:

  1. ကဗျာကိုခံစားဖတ်ခဲ့ပါတယ်

    ReplyDelete
  2. ကဗျာလေးတွေ ခံစားရေးဖွဲ့တာ အရမ်းပြောင်မြောက်တယ် ဖတ်တဲ့သူကိုပါ ခံစားချက်တွေ ကူးစက်သွားစေတယ်

    ReplyDelete
  3. taw taw shay dae` gabyar bae.. :P kg bar dae

    ReplyDelete